တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် နိုဝင်ဘာ ၁၂ ရက်က ကုန်တင်မော်တော်ကားတစ်စီး စက်ချွတ်ယွင်းကာ ကုန်းအတက်မတက်နိုင်ဘဲ နောက်ပြန်လိမ့်ဆင်းစဉ် လမ်းကြုံလိုက်ပါလာသူတစ်ဦး ကားတံခါးဖွင့် ခုန်ဆင်းရာ သေဆုံးခဲ့ရကြောင်း သိရသည်။

ယာဉ်မောင်း ဦးကျော်စိုး မောင်းနှင်လာသော ဂက်စ်အိုးများနှင့် လူသုံးကုန်ပစ္စည်းများတင်ဆောင်လာသည့် ခြောက်ဘီးယာဉ်သည် စက်ချို့ယွင်းပြီး ကုန်းတက်သို့တက်နိုင်ဘဲ နောက်ပြန်လိမ့်ဆင်း ခဲ့ရာတွင် ယာဉ်အကူ သားငယ်မှ ကားအား ဂျမ်းတုံးခုရန် ဆင်းသွားခဲ့ကြောင်း သိရသည်။ ကား နောက်သို့ ဆက်လက် လိမ့်ဆင်းနေချိန်တွင် ကားခေါင်းခန်းအတွင်း လမ်းကြုံလိုက်ပါလာသူ ဒေါ်သန်းမော်စီ သည် ကားတံခါးဖွင့်ကာ ခုန်ဆင်းသဖြင့် လမ်းပေါ်သို့ ပြုတ်ကျခဲ့ကာ အနီးရှိ ကျောက်ခဲပုံပေါ်သို့ လဲကျသွားခဲ့ပြီး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ကားမှာ ဒေါ်သန်းမော်စီ လဲကျသည့်နေရာနှင့် ပေ(၂၀)ခန့်အကွာ လမ်းဘေးရေချောင်းတံတားတွင် ကားနောက် ပိုင်း တင်ကာ ရပ်တန့်သွားခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်အကူ တို့မှ ကားပေါ်မှ ပြုတ်ကျ၍ ဒဏ်ရာ ရရှိသူအား မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရာ ၄င်းသည် ရရှိသောဒဏ်ရာများဖြင့် မြိတ်ပြည်သူ့ဆေးရုံ ၌ သေဆုံးသွားခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်းအား သမုတ် နယ်မြေရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

( မြိတ် ပြန်/ဆက်)
Myanmar Digital News