မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၊ ငါးပြားပေးကျေးရွာရှိ အင်းအနီးမှာ နိုဝင်ဘာလ ၁၄ ရက် မနက် ၉ နာရီခွဲခန့်က ရွှေခိုးတူးနေစဉ် အင်းနံရံပြိုကျကာပိတ်မိနေတဲ့ အမျိုးသား (၄) ဦးထဲက (၃) ဦးသေဆုံး သွားကြောင်း သိရပါသည်။

ငါးပြားပေးကျေးရွာ၊ ပြည်သာနိုင်ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီအတွင်းရှိ ဦးညွန့်ဝင်း၊ (၄၂)နှစ်၊ အင်းအတွင်းသို့ အောင်မျိုးဦး၊ (၂၇)နှစ်၊ ကျည်တောက်ပေါက် ကျေးရွာနေသူပါ(၄)ဦးတို့ ဝင်ရောက်ခိုးယူတူးဖော်စဉ် အင်းနံရံပြိုကျကာ ပိတ်မိနေကြောင်း သတင်းအရ ၁၁၂၀ အချိန် စဥ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်သက်မောင်နှင့် စဉ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီး အဖွဲ့တို့မှသွားရောက်၍ ရေအနက်(၁၈၀)ပေရှိ အင်းအတွင်း မှရေများအား ရေစုပ်စက်(၃)လုံးဖြင့် စုပ်ထုတ်ခဲ့ရာ ရေအနက်(၄၅)ပေခန့် ကျန်ရှိနေပြီး ၁၆၄၅ အချိန် ဒုရဲအုပ် သန့်ဇင်ဦး ဦးစီးအဖွဲ့တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ၀၄၀၀ အချိန် အင်းအတွင်း ရေအနက်(၁၀)ပေသာ ကျန်ရှိ၍ ၀၄၃၅ အချိန် အင်းအတွင်း ဝင်ရောက်ရှာဖွေရာ အောင်မျိုးဦး၏ အလောင်းအား ယာပါးပွန်း၊ ဦးခေါင်း နောက်ဆက်ကွဲဒဏ်ရာများဖြင့် လည်းကောင်း၊ အောင်မြင့်သန်း၊ (၁၉)နှစ်ပါ ကျား(၂)ဦး၏ အလောင်းများအား ဦးခေါင်း/ယာတံတောင်/မျက်ခုံးပေါက်ပြဲ ဒဏ်ရာများဖြင့် လည်းကောင်း၊ ဇင်ဝိုင်း၊ (၂၃)နှစ်အား ခေါင်းသားလင့်စင်အောက်နား ထောင့်တွင် ပြင်ပဒဏ်ရာ မရှိဘဲ အသက်ရှင်လျက် လည်းကောင်း တွေ့ရှိခဲ့သည်။

၂၁၂၀ အချိန်တွင် ဇင်ဝိုင်းနှင့် သေဆုံးသူများအား ကျည်တောက်ပေါက် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ ဇင်ဝိုင်းမှာ စိုးရိမ်ဖွယ် မရှိသဖြင့် ဆေးရုံမှ ဆင်းပေးခဲ့ပြီး ၁၅၃၅ အချိန် အောင်မျိုးဦး သေဆုံးမှုအား လက်ပန်လှရဲကင်းစခန်း သေမှုသေခင်းအမှတ်စဉ်(၁၅/၂၀၁၇)နှင့် အောင်မြင့်သန်းပါ(၂)ဦး သေဆုံးမှုအား သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၇)တို့ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်