အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီမှာ မီးခိုးမြူထူတွေ လျော့ပါးအောင် ညလုံးပေါက် ရေဖြန်းထားခဲ့လို့ နိုဝင်ဘာ ၁၈ ရက်နေ့က မြင်နိုင်စွမ်း အခြေအနေ တိုးတက်လာပါတယ်။ ဒါပေမယ့် လေထုထဲမှာ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာ ထက်သေးတဲ့ PM 2.5 လို့ခေါ်တဲ့ အမှုန်တွေ ပါဝင်မှုအဆင့်က အင်မတန် မကျန်းမာစေတဲ့ အဆင့်မှာ ရှိနေဆဲပါ။ နယူးဒေလီက အမေရိကန်သံရုံးရဲ့ တိုင်းထွာချက်အရ နိုဝင်ဘာ ၁၈ ရက်နေ့ မနက် ၁၁ နာရီမှာ ရှိနေတဲ့ PM 2.5 အဆင့်ဟာ ၂၅၆ မှာ ရှိနေလို့ လက်ခံနိုင်စွမ်းရဲ့ ငါးဆထိ ကျန်နေပါသေးတယ်။

ဒါပေမယ့် ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က လေထုညစ်ညမ်းမှု အဆင့်ဟာ လက်ခံနိုင်စွမ်းထက် ၁၂ ဆ ကျော်လွန်ခဲ့တာပါ။

ကျန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်လုံး အဆိပ်သင့် မီးခိုးမြူထူတွေ ပိန်းပိတ်နေခဲ့တဲ့ ဒေလီမြို့တော်ဟာ စနေနေ့မှာ နေရောင်ကို စပြီးမြင်ခဲ့ရပါတယ်။

ဒါကြောင့် မျက်ခမ်းစပ်တာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေ ခံစားရတဲ့ ဒေသခံတွေ သက်သာရာ ရခဲ့ပါတယ်။

ပတ်ဝန်းကျင် ခရိုင်တွေက လယ်သမားတွေက ရိတ်သိမ်းပြီးစ စိုက်ခင်းတွေကို မီးရှို့လို့ ထွက်လာတဲ့ မီးခိုးတွေ ပြာမှုန်တွေ၊ ကားတွေက ထွက်တဲ့ မီးခိုးတွေနဲ့ စက်ရုံတွေက ထွက်တဲ့ ညစ်ညမ်းမှုတွေ ပေါင်းပြီး မီးခိုးမြူထူတွေ ဖြစ်ခဲ့တာပါ။

နှစ်စဉ် ဆောင်းရာသီမှာ လေတိုက်နှုန်း ကျဆင်းရင် မီးခိုးမြူထူတွေရဲ့ ဒဏ်ကို အိန္ဒိယမြောက်ပိုင်းမှာ ခံရလေ့ ရှိပါတယ်။

လယ်သမားတွေက မီးမရှို့အောင် အစားထိုးနည်းလမ်းကို ဖန်တီးပေးဖို့ အမေရိကန်ဒေါ်လာ သန်း ၆၀၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားပါတယ်။

ဒါပေမယ့် ဘယ်သူက ဒီငွေတွေကို ပေးမလဲဆိုတာ ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ အစိုးရနဲ့ အတိုက်အခံ ပါတီတွေကြား ငြင်းခုံနေဆဲပါ။

Credit : original