နယူးဒေလီ၊ အောက်တိုဘာ ၁၂ – အမျိုးသားတစ်ယောက်ဟာ အသက်၁၅နှစ်နဲ့ ၁၈နှစ်ကြား အရွယ် ဇနီးဖြစ်သူနဲ့ လိင်ဆက်ဆံပါက မုဒိမ်းမှုမြောက်တယ်လို့ အိန္ဒိယတရားရုံးချုပ်က ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဥပဒေအရ အလိုတူခွင့်ပြုတဲ့အသက်က ၁၈နှစ်ဖြစ်ပြီး အသက်၁၆နှစ်အောက် မိန်းကလေးနဲ့ အလိုတူလိင်ဆက်ဆံမှု ကလည်း မုဒိမ်းမှုမြောက်တယ်လို့သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အသက်၁၅နှစ်နဲ့ ၁၈နှစ်ကြားရှိ ဇနီးမယားနဲ့ လိင်ဆက်ဆံမှုကိုတော့ ခြွင်းချက်တစ်ခုအဖြစ် ထားရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ အိမ်ထောင်သည်ကြား အလိုမတူလိင်ဆက်ဆံမှုကို ရာဇ၀တ်မှုလို့ မသတ်မှတ်ထားပါဘူး။ ဒါကို ရာဇ၀တ်မှုလို့ သတ်မှတ်လိုက်ရင် လက်ထပ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ ဇနီးတွေက ယောက်ျားတွေကို အရှက်ခွဲရာ ရောက်ကြောင်း အစိုးရက ပြောဖူးပါတယ်။အသက်မပြည့်သေးတဲ့ ဇနီးတွေရဲ့ လိင်အကြမ်းဖက်ခံရတဲ့ ကိစ္စကို ဖော်ထုတ်စစ်ဆေးနေတဲ့ Independent Thought အဖွဲ့ရဲ့လျှောက်ထားချက်ကိုကြားနာပြီးတဲ့နောက်မှာ ဘယ်ကိစ္စအတွက်မဆို တရားဝင်အလိုတူလိင်ဆက်ဆံနိုင်မှု အသက်ကို ၁၈နှစ်လို့ အိန္ဒိယတရားရုံးချုပ်က သတ်မှတ်လိုက်ပါတယ်။ လက်ထပ်ပြီးပေမယ့် အသက်၁၈နှစ် မပြည့်သေးတဲ့ ဇနီးသည်နဲ့ လိင်ဆက်ဆံပါက မုဒိမ်းမှုမြောက်ကြောင်း တရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သည်ဆုံးဖြတ်ချက်ကို အမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေက ထောက်ခံကြပါတယ်။တရားရုံးချုပ်က ချမှတ်လိုက်တဲ့ သည်ဆုံးဖြတ်ချက်အတွက် အတော်ပျော်မိပါတယ်လို့ Independent Thought အဖွဲ့က ရှေ့နေတစ်ဦးဖြစ်သူ ဗစ်ခရမ်ရှရီဗစ်တာဗာက ပြောကြားခဲ့ပါတယ်။ သည်ဆုံးဖြတ်ချက်ဟာ မိန်းကလေးငယ်တွေကို ကူညီကယ်မပြီး ပညာရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြစို့ ဆိုတဲ့ နိုင်ငံတော်အဆင့် ကမ်ပိန်းကိုအားပေးရာလည်းရောက်တယ်လို့ ဆိုပါတယ်။ အစိုးရတရားရုံးရှေ့နေချုပ် နာရစ်ဆင်ဟာ ကတော့ တစုံတရာမှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ တရားမ၀င် ကလေးသူငယ်လက်ထပ်ထိမ်းမြားမှုအလေ့ဟာ အရိုးစွဲနေပြီဖြစ်ပါတယ်။ ဒါတွေဟာ ဆင်းရဲမွဲတေမှုတွေ၊ တရားဥပဒေလျှော့ရဲတာတွေ၊ ယောက်ျားဝါဒကြီးစီးနေတာတွေကြောင့်ဖြစ်တယ်လို့ အပြစ်တင်ကြပါတယ်။အိန္ဒိယနိုင်ငံမှာ လက်ထပ်ဖို့အတွက်တရားဝင်အသက်ဟာ မိန်းကလေးတွေအတွက် ၁၈နှစ်ဖြစ်ပြီး ယောက်ျားလေး တွေအတွက် ၂၁နှစ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အသက်ပြည့်ပြီးတဲ့ ယောက်ျားလေးတွေရော မပြည့်သေးသူတွေပါ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို လက်ထပ်နိုင်ကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ၂၀၁၁ သန်းခေါင်စာရင်းအရ ကလေးသူငယ်ထိမ်းမြားလက်ထပ်မှုဟာ အရင် ဆယ်နှစ်ကထက် လျော့ကျ သွားပေမယ့် မိန်းကလေး ငါးသန်းကျော်ဟာ အသက် ၁၈ နှစ်မပြည့်ခင် လက်ထပ်ထားကြကြောင်း သိရှိရပါတယ်။ အသက်၂၀နဲ့၂၄နှစ်ကြား လက်ထပ်ပြီးအမျိုးသမီး လေးပုံတစ်ပုံကျော်ဟာ ၁၈နှစ်မပြည့်ခင်လက်ထပ်ခဲ့ပြီး အသက်၂၅နဲ့ ၂၉နှစ်ကြား လက်ထပ်ပြီး ယောက်ျားလေး ငါးပုံတစ်ပုံဟာ အသက်မပြည့်မီလက်ထပ်ခဲ့ကြောင်း နိုင်ငံ့ ကလေးအခွင့်အရေးကာကွယ်ရေးကော်မရှင်နဲ့ လူငယ်အဖွဲ့က ပြောကြားခဲ့ပါတယ်။အသက်မပြည့်သေးဘဲ လက်ထပ်တဲ့ မိန်းကလေးအရေအတွက်ဟာ ကျေးလက်ဒေသတွေမှာ ၂၀၀၁ခုနှစ်နောက်ပိုင်း ၀.၃% ကျဆင်းခဲ့ပေမဲ့ မြို့ပြဒေသမှာတော့ ၀.၇%တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသန်းခေါင်စာရင်းစစ်ဆေးချက်အရ ကျေးလက်ဒေသရှိမိန်းကလေး လေးယောက်မှာတစ်ယောက်ဟာ အသက်၁၈နှစ်မပြည့်မီလက်ထပ်ခဲ့ပြီး မြို့ပြမှာတော့ ငါးယောက်မှာ တစ်ယောက်ဟာ အသက်မပြည့်ခင်လက်ထပ်ခဲ့ကြောင်း သိရပါတယ်။ မိန်းကလေးတွေ၊ အမျိုးသမီးတွေကို သြဇာကြီးထွားအောင်ကြိုးပမ်းနေပြီး ကြီးလေးတဲ့အပြစ်ဒဏ်တွေ ချမှတ် နေပေမဲ့လည်း အိန္ဒိယနိုင်ငံဟာ ကလေးသူငယ်လက်ထပ်ထိမ်းမြားမှု အမြင့်ဆုံးဆယ်နိုင်ငံမှာ ပါဝင်နေပါတယ်။ အခြားနိုင်ငံတွေထဲမှာ ဘာကီနာဖာဆို၊ ချတ်ဒ်၊ ဂီနီ၊ နိုင်ဂျာနဲ့ တောင်ဆူဒန်တို့လည်း ပါဝင်ပါတယ်။နှင်းသန့်[Ref: Reuters. Oct 11, 2017]