သြဂုတ်- ၁၉-ဟနွိုင်းရဲ့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဗီယက်နမ်ရဲ့စရိတ်ကျဉ်းလေကြောင်းလိုင်း VietJet Air ရဲ့နိုင်ငံခြားသားလေယာဉ်မှူးနှစ်ဦးကို မူးယစ်ဆေးတရားမဝင်ကုန်ကူးရောင်းဝယ်မှုနဲ့ ကြာသပတေး နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ပြည်တွင်းလေကြောင်းအာဏာပိုင်အဖွဲ့ (CAAV) ကပြောပါတယ်။

အသက် ၅၃ နှစ်အရွယ် အမေရိကန်နိုင်ငံသား Francis Dennis Abellera Yutangco နဲ့ ၄၅ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသား Elmer Ederadan Sorrea တို့ဟာ ၅၀၅ ဂရမ်လေးတဲ့ VietJet လေယာဉ်ပုံစံငယ်တစ်ခုထဲမှာ အဖြူရောင်အရာဝတ္ထုတစ်ခု သယ်ဆောင်လာခဲ့တယ်လို့ စွပ်စွဲခံရတာဖြစ်ပါတယ်။

လေယာဉ်မှူးနှစ်ဦးဟာ အားလပ်ရက်နားနေတာဖြစ်ပြီး ဟနွိုင်းကနေ မနီလာကို ပျံသန်းမယ့် Cebu Pacific Air လေယာဉ်ကို လိုက်ပါဖို့ စီစဉ်ထားတာဖြစ်တယ်လို့ CAAV အကြီးအကဲ Lai Xuan Thanh ကပြောပါတယ်။

“လေဆိပ်အကောက်ခွန်အရာရှိတွေက သူတို့ရဲ့အိတ်ထဲမှာ မသင်္ကာစရာအရာဝတ္ထုတွေ့ရှိခဲ့တယ်။ သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးဖို့အတွက် ရဲတပ်ဖွဲ့လက်ကို လွှဲအပ်လိုက်ပြီ” လို့ သူက ဆိုပါတယ်။

အဖြူရောင်အရာဝတ္ထုက ဘာလဲဆိုတာကို အာဏာပိုင်တွေက အတည်မပြုသေးပါဘူး။ ကနဦး စစ်ဆေးချက်တွေအရ ဒါဟာ ဘိန်းဖြူ၊ မော်ဖင်း၊ဒါမှမဟုတ် ဘိန်းဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့ပြီး သောကြာနေ့ မနက်မှာ ထပ်မံစစ်ဆေးဖို့အတွက် နမူနာတွေပေးပို့ထားတယ်လို့ နိုင်ငံပိုင် Vietnam News Agency က ဖော်ပြခဲ့ပါတယ်။

Ref: CNA, Aug-19, 2016