အမျိုးသားထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်ဟောင်း လီဗျောင်ကီး။

နိုဝင်ဘာ ၁၈ – ရာထူးကဖြုတ်ချခံရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့လက်ထောက်တွေကို ဒေါ်လာသန်းပေါင်းများစွာလာဘ်ထိုးခဲ့တယ်လို့ သံသယရှိတဲ့ထောက်လှမ်းရေးအဖွဲ့အကြီး အကဲဟောင်းနှစ်ဦးကို နိုဝင်ဘာ ၁၇ ရက်မှာ ဖမ်းဆီးလိုက်ပြီးနောက် သည်သတင်းဆိုးကြီးဟာ တစ်နိုင်ငံလုံးကိုပျံ့နှံ့သွားပါတယ်။အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) ခေါင်းဆောင်ဟောင်း နမ်ဂျေဂျွန်နဲ့ လီဗျောင်ကီးတို့ဟာ သူတို့ကိုယ်ကျိုးအတွက်အဖွဲ့ရဲ့ ဘတ်ဂျက်ကနေ ပတ်ရဲ့လက်ထောက်တွေကို လစဉ်ထောက်ပံ့ငွေပေးနေခဲ့ပြီး စုစုပေါင်းအမေရိကန် ဒေါ်လာ ၃.၆၃ သန်းမကရှိတယ်လို့ ပြောပါတယ်။

သူတို့နှစ်ဦးကို သက်သေဖျောက်နိုင်ခြေ၊ ထွက်ပြေးတိမ်းရှောင်နိုင်ခြေရှိတာကြောင့် ဆိုးလ်ဗဟိုခရိုင်တရားရုံးချုပ်ကဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

သည်လာဘ်ပေးလာဘ်ယူ သတင်းထွက်လာချိန်မှာ သည်နှစ်မှာဖြုတ်ချခံရတဲ့ သမ္မတဟောင်းပတ်ဟာလည်း ချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သမ္မတ ပတ်ဂွန်ဟေးလက်အောက်မှာ အမှုထမ်းဆောင်ခဲ့တဲ့ နမ်နဲ့လီကိုအဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူလုပ်မှု၊ နိုင်ငံတော်ဘဏ္ဍာငွေဖြုန်းတီးမှုတို့နဲ့ တရားစွဲဆိုထားပါတယ်။ပတ်ရဲ့အဓိကလက်ထောက်တွေက တောင်းဆိုတာကြောင့် ပတ်ရဲ့ရုံးကိုပိုက်ဆံလစဉ်ပေးရတာလို့ သူတို့နှစ်ယောက်ကအစိုးရရှေ့နေတွေကို ပြောကြားခဲ့ပါတယ်။

NIS ကနေ ငွေကြေးလက်ခံခဲ့တယ်လို့ သံသယရှိသူ ပတ်ရဲ့လက်ထောက်ဟောင်းနှစ်ယောက်ကိုလည်း သည်လဆန်းပိုင်းကဖမ်းဆီးခဲ့ပြီး သူတို့တွေကလည်း ပတ်အမိန့်အရလက်ခံခဲ့တာလို့စစ်ဆေးရေးအရာရှိတွေကိုပြောကြားခဲ့ပါတယ်။ကွန်ဆာဗေးတစ် သမ္မတဟောင်းနှစ်ယောက်လက်ထက်မှာ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ဟာ အာဏာကိုအလွဲသုံးစားလုပ်ပြီးနိုင်ငံရေးကိုဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ပတ်နဲ့ အရင်သမ္မတဟောင်းကိုဝေဖန်ကြတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေကို စောင့်ကြည့်နှိမ်နင်းရေးလုပ်ငန်းမှာပါဝင်ခဲ့တဲ့ထောက်လှမ်းရေးအဖွဲ့ အကြီးတန်း အရာရှိဟောင်းတစ်ယောက်ကိုလည်း ပြီးခဲ့တဲ့လမှာဖမ်းဆီးခဲ့ပါတယ်။

၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲကာလက ပတ်ရဲ့အဓိကပြိုင်ဘက်ကို အွန်လိုင်းကနေတစ်ဆင့်တိုက်ခိုက်ဖို့ထောက်လှမ်းရေးအရာရှိတွေကို အမိန့်ပေးခဲ့တဲ့ထောက်လှမ်းရေးခေါင်းဆောင်ဟောင်းဝမ်စီဟွန်ကို ဩဂုတ်လက ထောင်သုံးနှစ်ကျခံဖို့အမိန့်ချခဲ့ပါတယ်။အဆိုပါရွေးကောက်ပွဲမှာတော့ ပတ်ကလက်ဝဲယိမ်းမွန်းဂျေအင်းကို အနိုင်ယူခဲ့ပါတယ်။နိုင်ငံ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ ဆမ်ဆောင်းကုမ္မဏီပါ ငြိစွန်းနေခဲ့တဲ့ လာဘ်ပေးလာဘ်ယူသတင်းဆိုးကြီးကြောင့် ပတ်စွပ်စွဲပြစ် တင်ခံရပြီးနောက်ပိုင်း သည်နှစ်ဆန်းပိုင်းကာလမှာ မွန်းက ရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့ပါတယ်။

ပတ်ဟာ သူ့ရဲ့လျှို့ဝှက်လူယုံတော် ချွဲဆွန်ဆီးကိုပံ့ပိုးပေးနေတဲ့ ထိပ်တန်းစီးပွားရေးသမားတွေကိုမူဝါဒရေးရာမှာပိုပြီး အလေးပေးမှုတွေပြု လုပ်တယ်လို့ စွပ်စွဲခံရပါတယ်။ ချွဲကိုလည်း လာဘ်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေအတွက်အချုပ်ချထားပါတယ်။ဆမ်ဆောင်းကုမ္မဏီကိုဆက်ဆံသူ လီဂျေးယွန်ကတော့ထောင်ကျနေပြီး လာဘ်ပေးလာဘ်ယူလုပ်မှု၊ ဘက်လိုက်မှုတွေအတွက်ကျခံနေရတဲ့ ထောင်ငါးနှစ်ကို သူကအယူခံဝင်ထားပါတယ်။

နှင်းသန့်
[ref: AFP, Nov 18, 2017.]