တန် ၃,၀၀၀ ကျော် ကျောက်စိမ်းတုံးကို နေပြည်တော်တွင် ထိန်းသိမ်းထားပြီး ပြပွဲတွင် ရောင်းချမည်ဖြစ်သည်။ (ဓာတ်ပုံ − Tint Soe ဖေ့စ်ဘွတ်ခ်)

By

ပိုင်စိုးသူ

ဖားကန့်ဒေသ တွင် တွေ့ရှိခဲ့သော တန် ၃၀၀ ကျော်ရှိ ကျောက်စိမ်းတုံးကြီးကို ဒီဇင်ဘာတွင်ပြုလုပ်မည့် ကျောက်မျက်ပြပွဲ၌ ပြသရောင်းချရန် ကျောက်အရောင်တင်ခြင်း လုပ် ငန်းများ ဆောင်ရွက်နေကြောင်း ကျောက်စိမ်းလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမင်းသူက ပြော ကြားသည်။

အဆိုပါ ကျောက်စိမ်းတုံး ကြီးကို ၂၀၁၆ အောက်တိုဘာက ဖားကန့်ဒေသရှိ မက်လင်းချောင်းအကျိုးတူ လုပ်ကွက်မှ ရတနာတောင်ကျောက်မျက်ကုမ္ပဏီက တူးဖော်ရရှိခဲ့ပြီး စတင်တွေ့ရှိစဉ်က တန် ၂၁၀ သာ သတ်မှတ်ခဲ့သော်လည်း ပြန်လည်ဖြတ်တောက်၍ ချိန်တွယ်ရာတွင် တန် ၃၀၀ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

ယင်းသို့ ချိန်တွယ်ဖြတ် တောက်ရာတွင်လည်း အဆိုပါ ကျောက်စိမ်းတုံးကြီး၏ အလေး ချိန်အခက်အခဲကြောင့် တရုတ် နိုင်ငံမှ ပညာရှင်များ ခေါ်ယူဖြတ်တောက်ခဲ့ရသည်ဟု ဦးမင်းသူက ဆိုသည်။

‘‘ဖြတ်တာတော့ဖြတ်ပြီးပြီ။ ကျောက်အရောင်တင်တာတွေ သေချာလုပ်ပြီးမှ ပြပွဲတင်ရမှာ’’ဟု ၎င်းက ပြောသည်။

အဆိုပါကျောက်စိမ်းတုံးကြီး ကို ဖြတ်တောက်ထားသော စာ ရင်းများအရ ၂၈ တုံးနှင့် ဖြတ်စ ၁၈၃ စရရှိပြီး နေပြည်တော် ၁၅ ဧကရှိ အကျိုးတူဂိုဒေါင်တွင် ထိန်းသိမ်းထားကာ သတ်မှတ်တန်ဖိုးကျပ် ၁၀ ဘီလီယံကျော်ရှိကာ တွင်းဝခွန်အဖြစ် နှစ်ဘီလီယံကျော် ကောက်ခံထားသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

‘‘မြေကြီးကထွက်ထွက်ချင်း ကောက်တဲ့အခွန်။ အဲဒါကြီးကို ရောင်းပြီဆိုမှ လက်ရှိအကောက် ခွန်ဥပဒေနဲ့ အခွန်ဆက်ကောက် မယ်။ သူ့အမျိုးအစားက ဘီလည်း ပါတယ်။ စီလည်းပါတယ်။ ဖြတ် လိုက်တော့ မဆိုးပါဘူး အသားညီ တယ်။ သေချာတာကတော့ အ ရောင်တင်ပြီး သေချာကြည့်မှ ကောင်းကောင်းခွဲလို့ရမှာ’’ ဟု ဦးမင်းသူက ဆက်လက်ပြောကြား သည်။

ကျောက်စိမ်း၏ အရည်အ သွေးကို အဆင့် A, B, C, D, RJ (Rejected - ပယ်ကျောက်) အ ဖြစ် အဆင့် ငါးဆင့်ခွဲခြားသတ် မှတ်ထားပြီး Grade A သည် အရည် ကျောက်တွင် အကောင်းဆုံးဖြစ် ပြီး Grade B သည် အသားကျောက် တွင် အကောင်းဆုံးအဆင့် ဖြစ် သည်။ Grade C မှာ အရည်နှင့် အသားနှစ်မျိုးပေါင်းရောရာ အ လယ်အလတ်အဆင့် ဖြစ်သည်။

ယခု ကျောက်စိမ်းတုံးကြီး သည် အစိုးရနှင့် ကုမ္ပဏီအကျိုးတူ လုပ်ကိုင်သည့် လုပ်ကွက်မှ ထွက် ရှိခြင်းကြောင့် နိုင်ငံတော်က ၂၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီက ၇၅ ရာခိုင်နှုန်းအကျိုးခံစားခွင့်ရသည်။