ဖမ်းမိလျှင် ဆုငွေ ဘတ်တစ်သိန်းပေးမည်ဟု ထိုင်းနိုင်ငံမှကြေညာထားသော မူးယစ်ဆေးဝါးပြစ်မှု တရားခံပြေး ထိုင်းနိုင်ငံသား စရာရွတ် ကေစရီနီရတ် (Sarayuth Ketsarinnirat)ကို တာချီလိတ်မြို့တွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ြ မန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးပြစ်မှုနှင့် ၎င်းနိုင်ငံသား စရာရွတ် ကေစရီနီရတ် (Sarayuth Ketsarinnirat)အား အလိုရှိကြောင်းနှင့် မြန်မာနိုင်ငံမှ သတင်းအတည်ပြု စုံစမ်းနေစဉ် ၎င်းသည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ဟုမ်းမတ်လမ်း၊ အမှတ်(ပလ-၁/၆၉၅)တွင် မြန်မာနိုင်ငံသား အားချူ အမည်နှင့် အိမ်ငှားနေထိုင်ကြောင်း သတင်းရရှိထားသဖြင့် စောင့်ကြည့်ခဲ့သည်။

နိုဝင်ဘာလ ၂၄ ရက် မွန်းလွဲ ၃နာရီခွဲ အချိန်ခန့်တွင် ၎င်းနေအိမ်မှ ခြောက်လှန့် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လူထိခိုက်မှု မရှိကြောင်းသိရသဖြင့် ၄နာရီအချိန်တွင် မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အားချူ ၏နေအိမ်ကို စီးနင်းရှာဖွေရာ အားချူ နှင့်အတူ ထိုင်းနိုင်ငံသား ကိုင်(ခ) Mr. Prasan တို့အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၂,၂၀၀ ပြား၊ စိတ်ကြွ ရူးသွပ်ဆေးပြား ပြုလုပ်ရန် အသင့်ရောစပ်ပြီးဆေးမှုန့် ၂ ဒသမ ၁ ကီလို၊ အက်တက်စီဆေးပြား ၉၀၀ ပြား၊ ဘိန်းညိုဘလောက်တုံး ၇ တုံး၊ (ဘိန်းညို အလေးချိန် ၂ ဒသမ ၃၁ ကီလို) ၊ ကဖင်း ၁၆ ကီလို၊ အနံ့မှုန့် အလေးချိန် ၃၆ ကီလို၊ အနံ့ဆေးရည် ၂၀ လီတာ၊ ဖိစက်တစ်လုံးနှင့် တံဆိပ်တုံးမျိုးစုံ ၂၀ ခု၊ ဆေးပြားရိုက်ရာတွင်အသုံးပြုသည့် သံမိုလ် ၂၅၀ ချောင်း၊ မော်တာတပ်လျက်ဆေးပြားရိုက်စက် နှစ်လုံး၊ မော်တာတပ်ထားသည့် ဆေးမှုန့်ကြိတ်စက် တစ်လုံး၊ မော်တာတပ်ဆင်ထားသည့် စိတ်ကြွဆေးမှုန့် မွှေစက် တစ်လုံး၊ ပစ္စတိုသေနတ် တစ်လက်၊ ကျည်ကဒ် နှစ်ခု၊ ၉ မမ ကျည် ၂၃၉ တောင့်၊ ၆ ဒသမ ၃၅ မမ ကျည် ၄၀ တောင့်၊ ပွိုင့် ၃၈ ကျည် ၅၀ တောင့်၊ ပွိုင့် ၄၅ ကျည် ၂၀ တောင့်၊ ထိုင်းဘတ်ငွေ ၁၀,၀၀၀ ဘတ်၊ အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာ၊ မော်တော်ယာဉ် ၂ စီး၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် စိတ်ကြွရူးသွပ်ဆေးပြားရိုက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သဖြင့် အားချူ(ခ) စရာရွတ် ကေစရီနီရတ် (Sarayuth Ketsarinnirat) (၅၁)နှစ် နှင့် ကိုင်(ခ)Mr. Prasan (၄၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
အဆိုပါ အားချူ (မှတ်ပုံတင်အမှတ်၊ ၁၃/တခလ(နိုင်)၀၉၁၀၉၈ ကိုင်ဆောင်ထား) သည် ၂၅-၇-၂၀၀၈ ရက်နေ့က ထိုင်းနိုင်ငံ၊ လင်းဖွန်းခရိုင်၊ ထူဟိုချန်းမြို့နယ်၊ တခေးပုန်း အမှတ်(၁)ရပ်ကွက်တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ခရိုင်တရားရုံးအမှတ် ၁၁၀/၂၀၀၈ ဖြင့် ထိုင်းနိုင်ငံမှ ဆုငွေ ဘတ်တစ်သိန်း ကြေညာထားသည့် တရားခံပြေး စရာရွတ် ကေစရီနီရတ် (Sarayuth Ketsarinnirat) ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိတရားခံများကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
PN

Credit : original