ကျောက်စိမ်းနဲ့ပတ်သက်လာရင် မြန်မာတွေမမြင်နိုင်တဲ့ အလှတရားတွေကို တရုတ်တွေက မြင်နိုင်တယ်၊ ဘယ်နေရာတွေမှာဘယ်လိုလုပ်ရင်  လှမယ်ဆိုတာ တရုတ်တွေကပိုသိတယ် လို့ တရုတ်နိုင်ငံ ရွှေလီမြို့က နိုင်ငံတကာကျောက်မျက်၊ကျောက်စိမ်း ပညာသင်တန်းကျောင်းမှာတက်ရောက်ပညာသင်ကြား နေတဲ့ ကချင်တိုင်းရင်းသား မရန်ခါးအောင် က ပြောပါတယ်။ရွှေလီမြို့က နိုင်ငံတကာ ကျောက်မျက်၊ ကျောက်စိမ်းပညာသင်တန်း ကျောင်းကို ၂၀ဝ၈ ခုနှစ်က စတင်တည်ထောင်သင်ကြားနေတာ ဖြစ်ပေမဲ့ အခုနှစ် စက်တင်ဘာလမှာတော့ အစိုးရအချင်းချင်းချိတ်ဆက်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မြစ်ကြီးနားမြို့က မြန်မာလူမျိုး အယောက် ၅၀ ကို အခမဲ့စတင်သင်ကြားပါတယ်။သည်ကျောင်းမှာက အဓိကဘာသာရပ်အနေနဲ့ ပန်းထိမ်နဲ့ လက်ပန်းပုပညာကို သင် ကြားပေးတာဖြစ်ပြီး အကူဘာသာရပ်အနေနဲ့ တရုတ်ဘာသာစကားနဲ့ ပန်းချီပညာကို သင်ကြားပေးတာဖြစ်ပါတယ်။

မရန်ခါးအောင်က တရုတ်လိုပဲဖြစ်လာဖို့ဆိုရင် ကျွန်တော်တို့အရမ်းတော်နေမှဖြစ်မယ်၊ ပြောမယ်ဆို မြန်မာနဲ့တရုတ်က ကျောက်စိမ်းပေါ်မှာနားလည်မှုကကွာတယ်၊ ပန်းပုထုတာမှာ တရုတ်တွေထုတာလှတယ်၊ အရောင်တင်တာကအစကွာတယ်လို့ ပြောပါတယ်။မရန်ခါးအောင်က နေပြည်တော်မှာဖွင့်လှစ်တဲ့ ကျောက်မျက်ပညာကျောင်းမှာလည်း ရှစ်လတာသင်ယူခဲ့ပြီးဖြစ်ပေမဲ့ တကယ့်လုပ်ငန်းခွင်မှာအသုံးချတဲ့အခါမှာအားနည်း ချက်တွေရှိနေဆဲဖြစ်လို့ ရွှေလီကျောင်းမှာတက်ရောက်တာဖြစ်တယ်လို့ဆိုပါတယ်။စက်ပစ္စည်းပိုင်းက သိပ်မကွာခြားဘူး၊ ဒီစက်တွေနဲ့ပဲသင်တာ၊နေပြည်တော်ကတက်ပြီးပြန်လာတော့ လုပ်ကြည့်တယ်၊ အကြမ်းထည်လုပ်တာကောင်းတယ်၊ အရောင်တင် လိုက်တဲ့ အချိန်မှာ လုံးဝစိတ်တိုင်းမကျတော့ဘူး၊ ကျောက်မျက်က အရောင်မတင်တတ်ရင် ဈေးလျော့လာတယ်၊ အထဲကလုံးဝပွင့်မလာတော့ဘူး၊ တရုတ်တွေလုပ်ရင်လှ ပြီး မြန်မာတွေလုပ်ရင်မလှတာ ဘာကြောင့်လဲ၊ ဒါ ကြောင့် ဒါကိုတက်ချင်တာလို့ မရန်ခါးအောင်က ပြောပါတယ်။

သင်ကြားမှုအနေနဲ့ ရွှေလီသင်တန်းကျောင်းက သင်တန်းကာလ သုံးနှစ်သတ်မှတ်ထားပြီး ပထမနှစ်မှာ ပန်းပုပညာ၊ ဒုတိယနှစ်မှာကျောက်စိမ်းအမျိုးအစားခွဲခြားတာနဲ့ တတိယနှစ်မှာတော့ ဈေးကွက်ထဲကိုဆင်းပြီး လေ့လာရမှာဖြစ်တယ်လို့သိရပါတယ်။ တရုတ်က အခုဘယ်လောက်အထိ နည်းပညာပိုင်းမှာ ရှေ့ရောက်နေလဲဆိုရင် ပန်းပုထုရင် စက်နဲ့ထုတာ၊ ဘယ်လောက်ခေတ်မီလဲ၊ ကျွန်တော်တို့က ပစ္စည်းကတော့ရှိ တယ်၊ နည်းပညာမရှိဘူး၊ နောက်ကျနေပြီ၊ တရုတ်က နည်းပညာအသာစီးရနေပြီ၊ အဲဒီတော့ ဈေးကွက်က သူ့ လက်ထဲရောက်သွားတာပေါ့လို့ ရွှေလီ မြို့က နိုင်ငံတကာ ကျောက်မျက်၊ ကျောက် စိမ်း ပညာသင်တန်းကျောင်းက ဂုဏ်ထူးဆောင် ကျောင်း အုပ်ကြီး ဦးဘုန်းကျော်က ပြောပါတယ်။

ရွှေလီသင်တန်းကျောင်းမှာ မြန်မာ လူ မျိုး ၅၀ ဦးကိုသာ အခမဲ့သင်ကြားပေးတာဖြစ်ပြီး တရုတ်လူမျိုးတွေကတော့ ကျောင်းလခအနေနဲ့ တစ်နှစ်ကို ယွမ် ၇၇၄၀ ကျသင့်တယ်။ လက်ရှိမှာတော့ ကျောင်းသူ ကျောင်းသား ၂၅၀ လောက်ကို ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။ကျောက်အရည်အသွေးတူတာကို ပုံထုထားတယ်ဆိုရင် ယိုးဒယားက လက်ရာနဲ့ မြန်မာက လက်ရာမှာ တန်ဖိုးကထက်ဝက်လောက်ကွာတယ်။ ယိုးဒယားကလက်ရာပြောင်မြောက်တော့ ဈေးပိုရတယ်လို့ဆိုပါတယ်။

သင်တန်းဆင်းလာခဲ့ရင် ကျောင်းဆင်းလတ်မှတ်ရတဲ့ ကျောင်းသားတွေကို မြန်မာနိုင်ငံကျောက်မျက်အသင်းက ပညာရှင်အဖြစ်သတ်မှတ်မှာဖြစ်လို့ မြန်မာနဲ့တရုတ်ရဲ့ ကျောက်စိမ်းအပေါ်ထားရှိတဲ့ အမြင်တွေကိုအချိန်ရသလောက်လေ့လာနေကြတယ်လို့တက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းသားတွေကပြောပါတယ်။သူများနိုင်ငံမှာ သင်ရတာဆိုတော့တစ်ခါ တလေတော့ အားငယ်တယ်၊ သင်တန်းဆင်းရင်တော့ မြန်မာနိုင်ငံပြန်မယ်၊ မြစ်ကြီးနားကလေလွင့်နေတဲ့ ကလေးတွေကို သင်ပေးမယ်လို့ စိတ်ကူးထားတယ်လို့ မြစ်ကြီးနားမြို့က မရန်ခါးအောင်ကပြောပါတယ်။

Author – ခေမဏီ