ထိုင်ဝမ်မှာ ကြာသပတေးနေ့(နိုဝင်ဘာ ၃၀)က ကိုးနာရီကြာတည်ရှိခဲ့တဲ့ သက်တန့်တစ်ခုကြောင့် အရှည်ကြာဆုံးတည်ရှိတဲ့သက်တန့်အဖြစ် ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။ သက်တန့်ကို တိုင်ပေက တရုတ်ယဉ်ကျေးမှုတက္ကသိုလ် ကမ္ဘာ့လေထုသိပ္ပံပညာဌာနရဲ့ ပါမောက္ခနှစ်ဦးဖြစ်တဲ့ ချိုကန်ဆွန်နဲ့ လျူချင်ဟွမ်တို့က မှတ်တမ်းတင်ခဲ့ကြောင်း ထိုင်ဝမ်သတင်းဌာနက ဖော်ပြပါတယ်။ သူတို့လေ့လာချက်အရ သက်တန့်ဟာ မနက် ၆ နာရီ ၅၇ ကနေ ညနေ ၃ နာရီ ၅၅ အထိ ၈နာရီ ၅၈ မိနစ်ကြာ တည်ရှိခဲ့ကြောင်း သိရပါတယ်။ တကယ်လို့ ဒီအချိန်ကိုသာ အတည်ပြုနိုင်ရင် အင်္ဂလန်၊ ယော့ရှိုင်းယားမှာ ၁၉၉၄၊ မတ် ၁၄ က ဖြစ်ပေါ်ခဲ့တဲ့သက်တန့်စံချိန် ၆ နာရီကို ကျော်လွန်သွားမှာဖြစ်ပါတယ်။ “အရမ်းထူးခြားပါတယ်။ ကောင်းကင်ကနေ လက်ဆောင်ပေးလိုက်သလိုပဲ။ သိပ်ရှားပါးတယ်” လို့ ပါမောက္ခက ချူးပြောကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သူ့အဆိုအရ ဌာနဟာ ပြီးခဲ့တဲ့ တနလာင်္နေ့က ၆ နာရီကြာ သက်တန့်တစ်ခုကို မှတ်တမ်းတင်နိုင်ပြီးနောက် နောက်ထပ်သက်တန့်တစ်ခုကို မှတ်တမ်းတင်ဖို့ အသင့်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ “လေးနာရီကြာပြီးတော့ ကျွန်တော်တို့ကျောင်းသားအားလုံးကို စုစည်းပြီး ကျောင်းကလူအားလုံး ဒီသက်တန့်ကို ဓာတ်ပုံရိုက်ပြီး ကျွန်တော်တို့ဆီ ပုံတွေပို့ပေးပါလို့ အကြောင်းကြားလိုက်တယ်” ကျောင်းသားတွေဟာ သက်တန့်ရဲ့ပုံကို ရှုထောင့်အမျိုးမျိုး၊ အချိန်အမျိုးမျိုးကနေ ရိုက်ကူးခဲ့ပြီး တက္ကသိုလ်ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ တင်ခဲ့ကြပါတယ်။ ဘီဘီစီရဲ့အဆိုအရ ဌာနဟာ အဲဒီသက်သေအထောက်အထားအားလုံးကို စုစည်းပြီး ဂင်းနစ်စံချိန်လျှောက်ထားမှာ ဖြစ်ပါတယ်။ အရှေ့တောင်ပိုင်းက မုတ်သုန်မိုးကြောင့် လေထုထဲမှာ ရေငွေ့တွေ ပိတ်လှောင်နေတဲ့အတွက် သက်တန့်တွေ အချိန်ကြာကြာတည်ရှိကြောင်း ပါမောက္ခချူးက ရှင်းပြခဲ့ပါတယ်။

စုပြည့်စုံ [ref: CNA, Nov 5th]