ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ မီးရှို့သတ်ခံခဲ့ရတဲ့ မိန်းကလေးအလောင်းနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံတွေကို ဖမ်းဆီးရမိပြီလို့ကျိုင်းတုံမြို့မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေကကောင်မလေးရဲ့ ရည်းစားက ဖေ့စ်ဘွတ်နဲ့ သတင်းတွေမှာ တင်တဲ့ပုံတွေမှာ ပါတဲ့လက်စွပ်က သူတို့ တနှစ်ပြည့်လုပ်ထားတဲ့ လက်စွပ် ဖြစ်ကြောင်း ရဲကို လာအကြောင်းကြားတာ။ ကျနော်တို့က ထုတ်ပြပြီး သူက သူရဲ့ ရည်းစား လက်စွပ်ဖြစ်ကြောင်း အတည်ပြု ပြောပေးခဲ့တယ်။ အဲ့ဒီကနေမှ စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်”လို့ပြောပါတယ်။

ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထားတဲ့ တရားခံ ၂ ယောက်ထဲမှ တယောက်ဖြစ်တဲ့ စိုးလွင်ကို ကျိုင်းတုံမှာ ဖမ်းဆီးထားပြီး ကျန်တယောက်ဖြစ်တဲ့ စိုင်းရှန်ကို သာစည်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စိုင်းရှန်က တခြားအမှုတစ်ခုနဲ့ သာစည်မြို့မှာ အမှုရင်ဆိုင်နေလို့ သာစည်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရတယ်။

လက်ရှိ စစ်ဆေးမေးမြန်းမှုအရတော့ သူတို့အရင်က ရှိခဲ့ဖူးတဲ့ ပြဿနာတွေကြောင့် သတ်ပြီး မီးရှို့ အလောင်းဖျောက်ခဲ့တယ်လို့ ၀န်ခံထားပါတယ်။

လတ်တလော တရားခံတွေက ၀န်ခံထားတာပဲဖြစ်ပြီး အသေးစိတ်ကိုတော့ ရဲတပ်ဖွဲ့ မထုတ်ပြန်သေးပါဘူး။

အသတ်ခံလိုက်ရတဲ့ အမျိုးသမီးဟာ ကျိုင်းတုံမြို့နယ်၊ အမှတ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ မအေဘီလှ အသက် ၁၈ နှစ်ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သတ်ပြီး ကျိုင်းတုံမြို့မရဲစခန်းမှာ ပ/၂၃၀(၂၀၁၇) ရာဇာသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှု၊ ၂၀၁ လူသတ်ပြီး အလောင်းဖျောက်ဖျက်မှုနဲ့ အရေးယူထားပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က နမ့်လပ်ရေအားလျှပ်စစ်နားမှာ ၆ ပေအနက်ရှိတဲ့ ချောက်ထဲမှာ တွေ့ရှိခဲ့တဲ့ လူသတ်မီးရှို့ခံထားရတဲ့ မိန်းကလေးအလောင်းနဲ့ ပတ်သက်ပြီး လူသတ်တရားခံတွေကို ရက်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။

သတင်း – သားသား