တရုတ်နိုင်ငံယန်ကျင်းမြို့တွင်ကျင်းပသော Miss All Nation 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့် နမ့်ခမ်းသူ နန်းမွေခမ်းမှာ ပထမအဆင့်အလှမယ် Miaoya Title ဆု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အဆိုပါပြိုင်ပွဲအား တရုတ်နိုင်ငံရန်ကျင်းမြို့တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ၃၂ နိုင်ငံမှ မယ်များအနက် ၁၂ ဦးအားရွေးချယ်ရာတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင် နန်းမွေခမ်း ပါဝင်ရွေးချယ်ခံရခြင်းဖြစ်သည်။


ညီမက ပြိုင်ပွဲဝင်တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဒီဇိုင်နာ စိုင်းလုံ ခေမာရဌ် စီစဉ်ပေးတဲ့ ဂုံသျှမ်းဝတ်စုံကိုဝတ်ပြီးဝင်ပြိုင်ပါတယ်။ အဲ့မှာ သျှမ်းရိုးရာ အမှတ်အသားတခုဖြစ်တဲ့ မြက်ခြောက်ခမောက်ကြီး ကိုပါ ထည့်သွင်းပြသပါတယ်။ ခမောက်ကြီးကို လူတွေက အထူးစိတ်ဝင်စားကြပါတယ်။ မေးမြန်းပါတယ်။ သျှမ်းရိုးရာ မြက်ခြောက်နဲ့ ယက်လုပ်ထားတဲ့ခမောက်ဖြစ်ကြောင်း ဆောင်းရတာ ပေါ့ပါးပြီး အပူဒဏ်ကောင်းကောင်းကာကွယ်နိုင်ကြောင်းရှင်းပြရပါတယ်။ အဲဒါနဲ့ ဇကာတင် ၁၂ ယောက်ထဲ ညီမ အရွေးခံရပါတယ်။ နောက်ဆုံးအလှမယ်ဆုကိုတော့ ဒီလ ဇန္န၀ါရီလ ၁၈ ရက်နေ့မှာ ရွေးချယ်ကြမှာပါ။ အားပေးပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်- ဟု နန်းမွေခမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

နန်းမွေခမ်းသည် ၂၀၁၇ ခုဂျူလိုင်လ ၉ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်းကိုယ်စား Miss Golden Land Myanmar ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရရှိသွားရာ အောက်တိုဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့တွင်ထပ်မံယှဉ်ပြိုင်ရာမှ Miss All Nation Myanmar 2017 ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။

နန်းမွေခမ်း သည် နမ့်ခမ်းမြို့ ပေါက်ဟိုကတ်ရပ်ကွက်နေ ဦးလုံးလှကျော် ပါ့နန်းဆိုင်ဆာ တို့၏သမီးဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်က B.A . History ဘွဲ့ဆွတ်ခူးရရှိခဲ့ပြီး လက်ရှိတွင် နမ့်ခမ်းမြို့နေအိမ်တွင် သျှမ်းရိုးရာ ၀တ်စုံချုပ်လုပ်ရောင်းချသည့်ဆိုင်ဖွင့်လှစ်ထားကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့်

Panglong(Burmese)