
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိကျင်းပသည့် ငါးနိုင်ငံဖိတ်ခေါ် ကြက်တောင်တံခွန်စိုက် Yunam Asian National Badminton Championships -2017 ပြိုင်ပွဲ၌ ရွှေတံဆိပ်လေးခုဖြင့် နိုင်ငံအလိုက် ပထမရရှိခဲ့သည့် မြန်မာကြက်တောင် အားကစားအဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိကြသည်။ အဆိုပါငါးနိုင်ငံ ဖိတ်ခေါ်ကြက်တောင် တံခွန်စိုက်ပြိုင်ပွဲတွင် အိမ်ရှင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ နှင့် မြန်မာနိုင်ငံတို့မှ ပြိုင်ပွဲဝင် အားကစားသမားပေါင်း ၁ဝဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင် ဦးဆောင်ကာ အုပ်ချုပ်သူနည်းပြ၊ ကစားသမား ၁၄ ဦးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ပြိုင်ပွဲတစ်လျှောက်ယှဉ်ပြိုင်ရာတွင် မြန်မာအသင်းအနေဖြင့် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် အောင်မျိုးထူးက ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် သက်ထားသူဇာက ရွှေတံဆိပ်တစ်ခု၊ အမျိုးသားနှစ်ယောက် တွဲ ပြိုင်ပွဲတွင် အာကာဖုန်းမြတ်နှင့် ဟိန်းစည်သူတို့ အတွဲက ရွှေတံဆိပ်တစ်ခု၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ချမ်းဝင်းဦးနှင့် သက်ထားသူဇာတို့အတွဲက ရွှေတံဆိပ်တစ်ခု စုစုပေါင်း ရွှေတံဆိပ်လေးခုရရှိပြီး နိုင်ငံအလိုက် ပထမရရှိခဲ့ကာ တရုတ်နိုင်ငံက ဒုတိယနှင့် ထိုင်းနိုင်ငံက တတိယအသီးသီး ရရှိခဲ့ကြသည်။
အောင်ပွဲရမြန်မာ ကြက်တောင်အားကစားအဖွဲ့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ကျွမ်းကျင်ပညာရှင် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်မှ အမှုဆောင်နှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘဆွေမျိုး များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်
မြ၀တီ

 
						 
	                  
	                  
	                  
	                 
						 
						
















