တရားဝင်အလုပ်သမားပို့ဆောင်ခွင့်မရှိသောထိုင်ဝမ်နိုင်ငံတွင်အလုပ်လုပ်ရမည်ဟုဆိုသည့်ပွဲစားဆိုသူကို မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကခေါ်ယူစစ်ဆေးကာယူထားသည့်ဝန်ဆောင်ခများကို ပြန်တောင်းထားကြောင်းနိုဝင်ဘာလ ၁၀ရက်ကသိရသည်။

အဆိုပါ ပွဲစားဆိုသူကနေရာဒေသအသီးသီးမှအလုပ်သမားအယောက် ၈၀ ခန့်ကိုထိုင်ဝမ်တွင်အလုပ်လုပ်ရမည်ဟုဆိုကာ တစ်ဦးလျှင်ကျပ်လေးသိန်းမှ ငါးသိန်းကျော် အထိယူထားခြင်းဖြစ်ကြောင်းသိရသည်။

''သွားဖို့လုပ်ထားတဲ့ကလေးတွေကfacebookမှာထိုင်ဝမ်သွားမယ်၊ဘာညာရေးထားကြတယ်၊ဒါကိုအလုပ်သမား ၀န်ကြီးဌာနက မင်္သကာလို့ အစ်ကိုတို့ အဖွဲ့ချုပ်ကိုသွားစစ်ဆေးဖို့ စာနဲ့ အကြောင်းတယ်၊ဒါကြောင့်အဖွဲ့ချုပ်ကနိုဝင်ဘာ ၇ ရက်မှာသွား စစ်ဆေးတော့ပို့ပေးမယ်ဆိုတဲ့သူရဲ့ ရုံးခန်းကိုတွေ့တယ်၊သူတို့ကထိုင်ဝမ်ကို အလုပ်သမားစေလွှတ်ခွင့်ရရင်ပို့ဖို့ လူစုထားတာလို့ပြောတယ်၊အဲအမျိုးသမီးမှာက ကုမ္ပဏီလိုင်စင်ပဲရှိပြီးတော့ပြည်ပကို အလုပ်သမား ပို့ခွင့်လိုင်စင်မရှိဘဲလူစုစောင်းနေတာကို စစ်ဆေးတွေ့ရှိရတယ်''ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF မှ ပြန်ကြားရေးတာဝန်ရှိသူ ကိုစိုင်းစည်သူကပြောသည်။

ယင်းပွဲစားမှာ FOD အမည်ဖြင့်မရမ်းကုန်းမြို့နယ် ၊ရဲရန်အောင်မှတ်တိုင်အနီးတွင် ရုံးခန်းဖွင့်လှစ်ထား ကြောင်း၊MOEAF ရုံးသို့ခေါ်ယူစစ်ဆေးနေအချိန်အတွင်း ၀န်ဆောင်ခပေးထားကြသည့်အလုပ်သမားများလည်း ထပ်မံရောက်ရှိလာကြောင်း သိရသည်။

''ပထမအယောက် ၅၀ လောက်ကနေအခု အယောက် ၈၀ လောက်ဖြစ်လာတယ်၊မနေ့ကတော့ဝန်ဆောင်ခပေးထားတဲ့၂၇ယောက် ရဲ့ပိုက်ဆံငွေသိန်း ၂၀ ကျော်ကိုပေးတယ်၊ကျန်တဲ့သူတွေကိုတော့ဒီလနောက်ဆုံးထားပေးပါမယ်လို့ ခံဝန်လက်မှတ်ထိုးထားတယ်''ဟု ကိုစိုင်းစည်သူက ဆက်လက် ပြောကြားသည်။

အချက်အလက်များအပေါ်အခြေခံ၍စစ်ဆေးချက်များကို အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပြန်လည်တင်ပြသွားမည်ဖြစ်ပြီးဝန်ဆောင်ခများပြန်လည်ရရှိပြီးပါက ၀န်ကြီးဌာနမှဥပဒေအရအရေးယူမှုများလုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

လ၀န်း (ပုံ=MOEAF)
ပြည်မြန်မာ.....


Credit : original